ကျန်ရှိသည့် ဘဝခရီး

ဘဝဟူသည် အလွန်ခက်ခဲပင်ပန်းသော ပြိုင်ပွဲတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
ဘဝကို ရုန်းကန်မှုဟူ၍ ကျွန်တော်အမည်တပ်ချင်သည်။ ကျွန်တော် လူမှန်းသိတတ်စအရွယ်ကပင် ဖခင်ဆိုသူကို မြင်တွေ့ခွင့်မရခဲ့၊ ကျွန်တော် (၁) နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်ခဲ့သောကြောင့်ဖြစ်သည်။ ထိုအရာမှာ ကျွန်တော့်အတွက်တော့ ခက်ခဲကြမ်းတမ်းသောလမ်းကို ဖိနပ်မပါပဲ လျှောက်လှမ်းရသည်နှင့် ပမာတူသည်။ ဓါတ်ပုံထဲမှ ဖခင်၏ရုပ်ပုံလွှာများကို တဝကြည့်၍ စကားတွေအများကြီးပြောခဲ့ဖူးသည်။ ဖခင် မေတ္တာဟူသည် ကျွန်တော့်အတွက်တော့ အလွန်တရာထူးဆန်းလှသည့် ဆုလဒ်တစ်ခုပင်ဖြစ်ခဲ့သည်။ သို့သော် ထိုဆုလဒ်မျိုး ကျွန်တော့်ဘဝတွင် ပိုင်ဆိုင်ခွင့်မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော ဖခင်မေတ္တာသည် အစားထိုး၍ မရနိုင်သည့် တစ်ခုတည်းသော ဖြစ်တည်မှုဖြစ်သောကြောင့်ပင် ဖြစ်သည်။
ငယ်စဉ်ကပင် ကျွန်တော် ဘဝကို ရုန်းကန်ခဲ့ရပါသည်။ ရုန်းကန်ရင်းနှင့်ပင် ကျွန်တော်အလဲလဲအကွဲကွဲ ဖြစ်ဖူးသည်။ လူတိုင်းပင် ထိုကဲ့သို့ဖြစ်ဖူးကြလိမ့်မည်ထင်သည်။ ပြေးရင်းလွှားရင်း မတော်တဆ ချှော်လဲခဲ့လျှင်ပြန်၍ ထတတ်သည့် အကျင့်မှာ ငယ်စဉ်ကလေးဘဝက ရရှိခဲ့သော ဘဝကိုရင်ဆိုင်ရမည့် ပုံသေနည်းဖြစ်သည်ကို မည်သူမျှ ငြင်းနိုင်မည်မထင်။ “လဲရင်ပြန်ထ အဲဒါဘဝ” ဟူသော ဆောင်ပုဒ်တစ်ခုကို ကျွန်တော်လက်ကိုင်ထားသည်။ အလကားနေရင်းတော့ မလဲနိုင်၊ ပြေးသွားမိလျှင်သော်လည်းကောင်း၊ ခက်ခဲသောလမ်းကို လျှောက်မိလျှင်သော်လည်းကောင်း အခန့်မသင့်ပါက လဲနိုင်သည်။ သို့ရာတွင် လဲသည့်နေရာမှ ချက်ချင်းပြန်ထနိုင်မှသာလျှင် ရှေ့ဆက်လျှောက်ရမည့် လမ်းခရီး သာယာ နိုင်ပေမည်။
အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်းဖြင့် မိမိထင်တာထားသည်ထက်ပို၍ အောင်မြင်မှုရနိုင်သည်။ စိတ်လှုပ်ရှားစွာစွန့်စားရသော လုပ်ငန်းသည် မိမိ၏ဘဝကို တစ်ဖြစ်လဲပြောင်းလဲစေနိုင်သည်၊ စွန့်စားလို စိတ်ကို အမြဲတမ်းရှင်သန်စေနိုင်သည်၊ အောင်မြင်မှုကိုပေးနိုင်သည်၊ ဘဝသစ်ကိုဖန်တီးနိုင်သည်၊ ထိုအရာ များအားလုံးသည် အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်းဖြင့်ရရှိနိုင်သော အရာများဖြစ်လေသည်။
ဘဝသစ်တစ်ခု ဖန်တီးရန်အတွက် ရွေးချယ်မှုပြုလုပ်ရမည်။ လူ့ဘဝတစ်သက်တာတွင် ဘာနဲ့ အသက်မွေးဝမ်းကျောင်းပြုမလဲဆိုသည့် ရွေးချယ်မှုသည် အဓိကကျ၍ အရေးလဲကြီးသည်။ စင်စစ်မည်သူမဆို မိမိစိတ်ဝင်စားသောအလုပ်၊ သို့တည်းမဟုတ် လက်ရှိမိမိဘဝအခြေအနေအရ ရွေးချယ်နိုင်သမျှထဲမှ အကောင်းဆုံးအလုပ်ကို တကယ်စိတ်အားထက်သန်စွာလုပ်ကိုင်မည် ဆိုပါက ထိုလုပ်ငန်းနယ်ပယ်တွင် အောင်မြင်သည့် ပုဂ္ဂိုလ်ဖြစ်လာမည်မှာ ဧကန်အမှန်ပင်ဖြစ်ပေသည်။
ကျွန်တော်ရွေးချယ်မှုတစ်ခုပြုခဲ့သည်။ ထိုအလုပ်သည် ခက်ခဲမည်၊ ပင်ပန်းဆင်းရဲမည်ဟူ၍ အကြမ်းဖျင်းယူဆထားခဲ့မိသည်။ သို့ရာတွင် တကယ်တမ်း ရွေးချယ်လုပ်ကိုင်သည့်အခါမှ ထိုအသက် မွေးဝမ်းကျောင်းအလုပ်သည် မည်မျှခက်ခဲသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိခဲ့ရသည်။ စစ်တက္ကသိုလ် ပထမနှစ် ဗိုလ်လောင်းဘဝသည် ကျွန်တော်၏လှိုင်းထနေသည့်စိတ်ဓါတ်များကို အနှယ်ထိုင်စေခဲ့သည်။ ခက်ခဲပင်ပန်းသည့် စစ်ရေးပြ၊ စစ်ဗျူဟာ၊ လက်နက်ငယ် စသည့် စစ်ပညာဘာသာရပ်များသင်ကြားရာတွင် မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် လိုက်ပါလုပ်ဆောင်ခဲ့ရသည်။ မိမိရွေးချယ်ခဲ့သည့်ဤလမ်းခရီးကို အဆုံးထိ တိုင်အောင်လျှောက်လှမ်းမည်ဟု သံဓိဌာန်တစ်ခု သေချာစွာချမှတ်ထားခဲ့သည်။
          သံယောဇဉ်ဟူသည် ဖြစ်တည်ပြီးလျှင် ဖြတ်တောက်ရန်အလွန်ခက်ခဲသော သဘောရှိသည်။ အရပ်သားဘဝတွင်ရှိခဲ့သော သံယောဇဉ်အမျှင်အတန်းအားလုံးကို ဖြတ်တောက်၍ စစ်တက္ကသိုလ် ကျောင်းပေါက်ဝတွင် ချိတ်ဆွဲ၍ထားခဲ့ရသည်။
          စစ်တက္ကသိုလ်မှသင်ကြား လေ့ကျင့်ပေးသည့် စစ်ပညာဘာသာရပ်များသည် ခြေလျှင်တပ်စုမှူးတစ်ယောက်အဖြစ်၊ လက်တွေ့ဘဝနယ်ပယ်​၌ ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။ နည်းပြအရာရှိများ၊ နည်းပြဆရာများ ကျွေးသော မသေဆေးများကို ကြိမ်ဖန်များစွာ စားသုံးခဲ့ရသည်။ မြိုချခဲ့ရသည်။ ထွေးထုတ်၍မရ၊ ထိုမှတစ်ဆင့် ကျောင်းဆင်းအရာရှိငယ်ဖြစ် သင်ယူလေ့လာစရာရှိသည်များကို ဆက်လက်လေ့လာဆည်းပူးရသည်။ ပညာဟူသည် ရရှိခြင်းမဟုတ်၊ ရယူခြင်းပင်ဖြစ်သည်။ အမြဲတစေ ရယူနေရမည့်အရာဖြစ်သည်။
          စစ်တက္ကသိုလ်မှ စည်းကမ်း၊ စိတ်ဓါတ်၊ အမိန့်နာခံတတ်မှု စသည့် အရည်အချင်းနှင့် အရည်အသွေးများကို တစ်ပြိုင်နက်တည်း သင်ကြားပေးခဲ့သည်။ စာပေဖတ်ရှု့ခြင်းဝါသနာသည်ပင်လျှင် စစ်တက္ကသိုလ်မှ ရရှိခဲ့သည့် အဖိုးမဖြတ်နိုင်သည့် အရာတစ်ခုဖြစ်ခဲ့သည်။ စာဖတ်ခြင်းဖြင့် အသိပညာပြည့်ဝ စေနိုင်သည် မဟုတ်လော ။
          နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေရမှုများသည် ဘဝ၏ခက်ခဲသော လမ်းများကို ဖြတ်သန်းနေရသကဲ့သို့ ရှိလှသည်။ အခက်အခဲပြဿနာနှင့်ရင်ဆိုင်ရလျှင် ခေါင်းဆောင်သည် မိမိကိုယ်ကိုအားကိုးရမည်ဟူသော အလေ့အကျင့်မျိုး စစ်တက္ကသိုလ်မှ သင်ကြားပေးခဲ့သည်။ လူငယ်ပင် ဖြစ်သော်ငြား ကျွန်တော်သည် အတော်အသင့် စိတ်တည်ငြိမ်ရင့်ကျတ်ခဲ့ရသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော စိတ်တည်ငြိမ်ရင့်ကျတ်ခြင်းသည် ရေရှည်ရည်မှန်းချက်အောင်မြင်မှုအတွက် လတ်တလောအလိုဆန္ဒများကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းဟု လည်းဆိုနိုင်ပေသည်။ စိတ်လှုပ်ရှားမှုများ၊ လတ်တလောဆန္ဒများကို ထိန်းချုပ်၍၊ ကိုယ်ပိုင်စည်းကမ်းကို တိကျစွာလိုက်နာရန်၊ လူအများကို ဦးစီးခေါင်းဆောင်နိုင်ရန်အတွက်ပင် ရင့်ကျတ်ခဲ့ရ သည်ဟု ဆိုချင်ပေသည်။
          စစ်တက္ကသိုလ်သို့ တက်ရောက်၍ ဗိုလ်လောင်းဘဝ(၃)နှစ်တာ ပညာသင်ယူရခြင်းသည် ကျွန်တော့်ဘဝအတွက် အလွန်တရာအကျိုးရှိလှသော ဘဝသစ်ဟုဆိုချင်သည်။ မည်မျှခက်ခဲပင်ပန်းသော ခရီးပင်ဖြစ်ပါစေ၊ ခရီးဆုံးလျှင်သော မည်သူမဆို ပြုံးရယ်နိုင်ကြပေလိမ့်မည်။
          ကျွန်တော်ပိုင်ဆိုင်သည့် တစ်ခုတည်းသောဘဝကို ကျွန်တော်ဖန်တီးခဲ့လေပြီ၊ ထိုဘဝကို ဆက်လက်၍ တည်ဆောက်သွားရပေလိမ့်ဦးမည်။ မည်သို့ပင် ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းဖြစ်ပါစေ၊ ကျွန်တော့်ဘဝကို အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးသွားချင်သေးသည်။ ကျွန်တော့်အတွက် အခွင့်အရေးများ နောက်မကျ သေးဟုထင်ပါသည်။ “အခွင့်အရေးဟူသည် ဖမ်းမိလျှင်အဆပွား၏” ဟူသော ဇွန်ဆူး၏ စကားအတိုင်း အဆပွားရပေဦးမည်။ မိမိကိုယ်ကိုအဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပေဦးမည်။ ထိုမှသာ လောကသည် ကျွန်တော်တို့အားမျက်နှာသာပေးပေလိမ့်မည်။
          ကျောင်းနေစဉ်ငယ်စဉ်ဘဝ၊ စစ်တက္ကသိုလ်တွင်ပညာသင်ရသော ဗိုလ်လောင်းဘဝများတွင် စတင်၍ စိုက်ပျိုးခဲ့ရသော အသိပညာဟူသည့် သစ်ပင်ကြီးကြောင့် ယခုအခါ အရိပ်ခိုနိုင်ပေပြီ၊ ထိုအပင်ကိုစိုက်ပျိုးရာ တွင် ဒုက္ခခံခဲ့ရသည့်တိုင် အကျိုးကျေးဇူးအလွန်းကြီးမားကြောင်း သိခဲ့ရလေပြီ။ ပညာ၏အမြစ်များသည် ခါး၏ဟုဆိုသော်လည်း အသီးကိုစားသုံးကြည့်မှ အလွန်ချိုကြောင်း သိခဲ့ရလေသည်။
          ထို့ကြောင့် ယနေ့ကျွန်တော်၏ ချိုမြိန်သောအသီးရှိသည့် သစ်ပင်ကြီး ဆက်လက် ရှင်သန်နိုင်ရန် ကြိုးစားရပေဦးမည်။ ကြိုးထုံးများကိုဖြေ၍ ဆိပ်ကမ်းမှ ရွှက်လွင့်ရပေဦးမည်။ ကုန်သည်လေကြောင်းအတိုင်း ရွှက်လွင့်ပြီး စူးစမ်းရပေဦးမည်။
          အိပ်မက် မက်ရပေဦးမည်။
          ထိုအိပ်မက်ကို အကောင်အထည်ဖော်ရပေဦးမည် ။

                                                                                                တင့်ထူးရွှေ
                                                                                                                                                                    (၂၀၀၆၊ သြဂုတ်လ၊ စစ်တက္ကသိုလ် နှစ်ပါတ်လည်မဂ္ဂဇင်း)

0 မှတ်ချက်:

Post a Comment

Related Posts Plugin for WordPress, Blogger...